စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ်၊ နန္ဒာခေတ်မီစံပြကျေးရွာ  (SMART Village) စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက သင်တန်းသူ (၅) ဦးအား စီမံကိန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ထူးချွန်သင်တန်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကာ၊ အောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်တို့က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)