မိတ္ထီလာ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကြိုးစု၊ ရေငံ(အရှေ့)၊ သရက်တန်း၊ ထနောင်းအိုင့်ကျေးရွာတွင် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၅.၆ သန်းတို့ဖြင့် လမ်းအရှည် ပေ ၈၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းကွန်ကရစ်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းဝင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ အိမ်ခြေ ၄၄၄ အိမ်၊ အိမ်ထောင်စု ၄၄၇ စု လူဦးရေ ၂၂၁၇ ဦး တို့မှာ သွားလာရ လွယ်ကူချောမွေ့စေမည့်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)