ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ စားရေရိက္ခာ ဖူလုံရေး၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး၊ ပြည်တွင်းစားသုံးမှု လုံလောက်ပါက ပြည်ပပို့ကုန် တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ကဏ္ဍများအလိုက် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ဟန်ချက်ညီစွာ ထဲထဲဝင်ဝင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသနွား၊ နို့စားနွား၊ ဝက်၊ ဆိတ်၊ ဘဲ၊ ဥစားကြက်၊ အသားစားကြက်၊ ငါးစသည့် မွေးမြူခြင်း လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မွေးမြူခြင်းနှင့် စီးပွားဖြစ် မွေးမြူခြင်းများရှိပြီး ယခင်ထက် ပိုမိုတိုးတက်လာအောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန်များ ဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေမှုများလည်း ရှိနေသေးပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်လာနိုင်ရေး နို့စားနွား မွေးမြူခြင်းလုပ်ငန်းများ တိုးတက်လာအောင် တိုးမြှင့်မွေးမြူရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့လာပါက လုပ်ငန်းတူ အစုအဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိမည် ဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိပါက ပွင့်လင်းစွာ တင်ပြကြစေလိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
၎င်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်နေမှု၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နို့နှင့်နို့ထွက်ပစ္စည်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရေး၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာဌာနများက မွေးမြူရေးလုပ်ကိုင်နေသူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရေး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ စွန်ရဲအင်းဒေသတွင် နို့စားနွားမွေးမြူ ရေးဇုန်ဧက (၃၀၀)အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ နို့စွားနွားမွေးမြူရေးအတွက် အရွယ်ရောက်ပြီး နို့စားနွားများအား အချိန်တိုအတွင်း လွယ်ကူစွာ ဝယ်ယူရရှိနိုင်မှု အခြေအနေ နည်းလာမှု၊ တိရိစ္ဆာန်အစားအစာရရှိမှု၊ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က တင်ပြချက်များနှင့် ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)