တောင်သာမြို့နယ် ကူရွာကျေးရွာတွင်ကျေးရွာအဆင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ပဉ္စမအကြိမ်မြောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း ဆောင်ရွက်ပေး

တောင်သာ ဖေဖော်ဝါရီ  ၂၆

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့်  မြစိမ်းရောင်စီမံကိန်းကို   မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးရွာပေါင်း ၄၆ ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ကူရွာကျေးရွာတွင် ကျေးရွာအဆင့်မြစိမ်းရောင် စီမံကိန်းသုံးသပ်ဆွေးနွေးပြုပွဲနှင့် ပဉ္စမအကြိမ်မြောက် စီမံကိန်းချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာ  မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းက စီမံကိန်းအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော အသင်းဝင်များအား အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးစေပြီး စီမံကိန်းချေးငွေရယူပြီး စီမံကိန်းစတင်သည့်နှစ်မှ စိုက်ပျိုးရေးလုပ်ငန်းဖြင့် နှစ်အလိုက်ဆောင်ရွက်ခဲ့ပုံ၊ အကျိုးအမြတ်ခံစားရပုံတို့ကို တောင်သူဦးမောင်ဝင်းက ရှင်းလင်းဆွေးနွေးခဲ့သဖြင့် တင်ပြဆွေးနွေးသူ ဦးမောင်ဝင်းအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုအမှတ်တရဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ပပဝင်းခိုင်က လုပ်ငန်းအဖွဲ့ဝင်တစ်ဦးထံ ရန်ပုံငွေများ အားပေးအပ်ခဲ့ပြီးလုပ်ငန်းအဖွဲ့ဝင်များကအသင်း သားများထံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူ ၁၂၄ ဦးကိုချေးငွေ ၃၁၅ သိန်း၊ မွေးမြူရေလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးကို ချေးငွေ ၅ သိန်းကျပ်အား ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရကာ အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေများကို ပဉ္စမအကြိမ်မြောက်  ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)