ကျောက်ဆည်မြို့နယ်၌ ဝါးဖြင့်ထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဖေဖော်ဝါရီ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဝါးဖြင့် တစ်နိုင်တစ်ပိုင် ထရံယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေအဆင်ပြေလျက်ရှိကြောင်း  ဝါးထရံယက်လုပ် ရောင်းချသူများထံမှ သိရှိရသည်။

ဝါးမျိုးအစားသည် အမျိုးမျိုးရှိပြီး ထရံယက်လုပ်ရာတွင် တင်းဝါးအမျိုးအစားကိုသာ အဓိက သုံးစွဲကြကြောင်းနှင့် အနံ(၆)ပေ၊ အလျား(၁၅)ပေ ရိုးရိုးထရံတစ်ချပ် ယက်လုပ်မည်ဆိုပါက တင်းဝါး(၁၀)လုံး အသုံးပြုရကြောင်း၊ ကုန်ကျမှုအနေဖြင့် အနေဖြင့် လုပ်အားခအပါအဝင် ငွေကျပ်(၄)သောင်း ကုန်ကျပြီး ပြန်လည်ရောင်းချပါက ငွေကျပ်(၆)သောင်းငါးထောင် ရရှိကြောင်း၊  ပုံစံဒီဇိုင်းများ၊ ဝါးအကြောများဖြစ်လုပ်ထားသော (ဒေသအခေါ်)နှီးပူးဝါးထရံ အမျိုးအစားများ  ယက်လုပ်ရောင်းချရပါက ရောင်းဈေးပို၍ရရှိသဖြင့် ဝင်ငွေပို၍ ရရှိကြောင်း၊  ထရံယက်လုပ်ရောင်းချသည့် မယ်ဇယ်ပင်ကျေးရွာမှ ဦးဝင်းဌေးက ပြောပြသည်။ 

ထရံများ ယက်လုပ်ရာတွင် ရေရှည်ခိုင်ခန့်စေရန်အတွက် ဝါးများအား ရေဝအောင်စိမ်ထားရကြောင်း၊ ရေမစိမ်းသည့်ဝါးများဖြင့်ထရံယက်လုပ်ပါက ဝါးပိုးများထိုးပြီး ရေရှည်ခိုင်ခန့်မှုမရှိကြောင်း၊ ထရံဝယ်ယူသူများ အနေဖြင့် ရေစိမ်ဝါးဖြင့်ယက်လုပ်သည့်ထရံများကို ပိုမိုကြိုက်နှစ်သက်ကြောင်းနှင့်  ကျောက်ဆည်မြို့နယ်မှ  ဝါးထရံယက်လုပ်ရောင်းချသူများအနေဖြင့် ထရံယက်လုပ်မည့်ဝါးများကို တံတားဦးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရေစိမ်ဝါးရောင်းချသူများထံမှ အများဆုံးဝယ်ယူပြီး ထရံယက်လုပ်ရောင်းချကြောင်းကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)