မိုင်းတုံ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၁၁ နာရီ ၃၀အချိန်က မဲကင်ကျေးရွာရှိ ဘက်စုံသုံးအစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ကျေးလက်နေပြည်သူများအနေနဲ့ အဓိကသည်ကျန်းမာရေးကောင်းနေမှသာ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် မိမိတို့ကျန်းမာရေးကို မိမိတို့ပင်အထူးဂရုစိုက်ဖို့လိုအပ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနာလည်စေရန် အကျယ်တဝန်းဟောပြောပြီးနောက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက သီးထပ်၊ သီးညှပ်စိုက်ပျိုးရေးနှင့် နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချေးငွေလုပ်ငန်း၊ ဒေသဆီဖူလုံရေး၊ သီးနှံပိုးမွှားရောဂါကျရောက်မှုအပေါ် ကာကွယ်နှိမ်နင်းနည်းများ၊ ပဲပုတ်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာသည့် သီးထွက်များကို ပဲပုတ်ပြား၊ ပဲပုတ်ဆီး၊ ပဲငါးပိကုန်ချောထုတ်လုပ်နိုင်ရေးတို့ကို အကျယ်တဝန်း ဆွေးနွေးခဲ့သည်။
မြို့နယ်ရဲမှူး မြင့်အောင်က ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး မြိုနယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အကျယ်တဝန်းဆွေးနွေးပြီးနောက် မိမိတို့သားသမီးများတွင် Grade-9 ကျောင်းသား/သူများရှိပါက နားကောင်းမူး အ.ထ.က စာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဖွင့်လှစ်မည့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်မည့် ကျောင်းသား/သူစာရင်းများကို မိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ စာရင်းပေးသွင်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)