ရန်ကုန် ဖေဖော်ဝါ ရီ (၂၆)
သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇာမင်္ဂလာနှင့် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစားကျောင်း ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစားကျောင်းကို သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘန္ဒန္တစန္ဒိမာဘိဝံသ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး “အဂ္ဂမဟာရွှေမေတ္တာ” လေးထပ်ဆွမ်းစား ကျောင်းဆောင်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား စက်ခလုပ်နှိပ်ဖွင့်၍ အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြသည်။
ယင်းနောက် ဆရာတော်ကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖူးမြှော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္ပအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
အောင်မြင့်(ပြန်/ဆက်)