ပင်းတယ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံလူသုံးကုန်ထုတ်လုပ်မှုသင်တန်း၊ နည်းပညာသင်တန်းများစသဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ယခုလက်ရှိ ပင်းတယမြို့ ပွေးလှမြို့လယ်ခန်းမတွင် “အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း”တွင် တက်ရောက်သင်ကြားနေသည့် သင်တန်းသားများကို ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်းခွင်တွင် နည်းပညာပိုမိုရရှိစေရန် သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့၊ လက်တွေ့ ဆက်လက်သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်မှ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ (၂)ဦးဖြင့် သင်တန်းသားစုစုပေါင်း ၂၀ ဦးအား ဖေဖော်ဝါရီလ (၅)ရက်နေ့မှ မတ်လ (၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)