မိုင်းယောင်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၆)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆိုင်ရာ နှိုးဆော်ရာ၌ မိုင်းယောင်းမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအတွင်းနေထိုင်သော ပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီးဖြစ်၍ မည်သူမဆို လမ်းသွားနေစဉ်သော်လည်းကောင်း၊ ယာဉ်များစီးနှင်းလိုက်ပါနေစဉ်သော်လည်းကောင်း၊ ဆေးလိပ်၊ ဆေးတံများ သောက်သုံးခြင်းမပြုကြရန်၊ နေအိမ်အတွင်း တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကဒ်၊ လှေကား၊ သဲ၊ ရေများနှင့် မီးသတ်ဆေးဘူးများ ဆောင်ထားကြရန်၊ နေအိမ်ခြံ၀င်းအတွင်း မီးလောင်လွယ်သော အမှိုက်သရိုက်များ၊ လောင်စာဆီပစ္စည်းများ စုပုံထားခြင်း၊ သိုလှောင်ထားခြင်းမပြုလုပ်ကြရန်၊ စက်ရုံ၊ အလုပ်ရုံများ၊ အိမ်တွင်းမှုလုပ်ငန်းများ၊ ဈေးဆိုင်များ၊ တည်ခိုးခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိရန် စသည့် အချက် (၁၆)ချက်ကို မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ ရပ်ကွက်များ၊ ကျေးရွာများသို့ သွားရောက် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)