လယ်ဝေး ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တေဇစက္ကီဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ မဟာမြတ်မုနိကိုယ်ပွားရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ပွားတော်လေးဆူတို့အား ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်းနှင့် ဘဒ္ဒန္တဝိဇယ (မဟာကမ္မဌာနာစရိယ)၏ သက်တော်(၉၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရ (သရက်တောပရိယတ္တိစာသင်တိုက်၊ အေလာကျေးရွာအုပ်စု)၊ ဆရာတော်ဘဒ္ဒန္တဝိဇယ အမှူးပြုသောပင့်သံဃာ ၁၇၆ ပါး ကြွရောက်တော်မူကြသည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တေဇစက္ကီကျောင်းတိုက်၏ ဦးစီးပဓာနနာယက မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဝိဇယမထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းမြင့်မွန်၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ အလှူ့ဒါယကာ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြည်ညို၍ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။၊
ဆက်လက်၍ တေဇစက္ကီကျောင်းတိုက်၏ ဦးစီးပဓာနနာယက မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဝိဇယ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူကာ အလှူရှင်များက လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)