လယ်ဝေး ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာသဘာဝ၊ ဆရာကဖိုးကျင်၊ ဆရာရွှေလက်ပံ၊ ဆရာဟန်ညွန့်(ယဉ်ကျေးမှု)၊ ဆရာဈာန်(စွမ်းအင်)၊ ဆရာကျော်လွင်မြင့် (မှော်ဝန်း)၊ ဆရာမောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ)၊ ဆရာဦးဘသစ်၊ ဆရာသစ္စာသျှင် (မြန်မာ)၊ ဆရာအညာသားဗထူး (ကျားတက်မြေ)၊ ဆရာရွှေလက်ပံ(မဲဇလီ)၊ ဆရာမောင်သန်းညွန့် (မြစ်ခြေ)၊ လယ်ဝေးမြို့နယ် Book Club ဥက္ကဋ္ဌ ဒေါ်ခိုင်သူဇာဝင်း (စာရေးဆရာမ ခင်လယ်လယ်ချစ်၊ မြန်/ဂုဏ်)နှင့်အသင်းဝင် ဒေါ်စည်စည်ထွန်း၊ ဦးခင်မောင်ထွန်း၊ ဦးဝင်းဦးတို့က စာရေဆရာမခင်လေး(ပြည်ထောင်စုနယ်မြေ)ရေးသားသည့် စွဲထင်ကျန်ရစ်အမှတ်တရဖြစ်စေနှင့် အခြားဝတ္ထုတိုများ စာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးသည်။ ဆက်လက်၍ စာရေးဆရာမခင်လေး(ပြည်ထောင်စုနယ်မြေ)က သုံးသပ်ဆွေးနွေးခဲ့သည့် ဝတ္ထုတိုများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများအား အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)