သာစည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများ၊ ကမ္ဘာ့နိုင်ငံအသီးသီး၌ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းထားသည့် နိုင်ငံများ စသည်ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေပါအချက်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးသဲကိုထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်