ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၃
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၁၅ နာရီက ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပုံ၊ ဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းမှုများအား ရှင်းလင်းဆွေးနွေးပြီး ပြည်သူလူထုကြား ထွက်ပေါ်နေသော ကောလာဟလများကို မယုံကြဘဲ သတင်းအချက်အလက်အမှန်များကို ဂဃနဏ သိရှိစေရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ (၁) နှင့်အထက်ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ စုစုပေါင်း(၂၆၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)