ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၃
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့မွန်းလွဲ ၁၄ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၈) ရှိ ပါရမီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် ဥပဒေအရာရှိ ဒေါ်သက်သက်ဇော်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပုံ၊ ဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအား Powerpoint ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကားလက်ကမ်းစာစောင်” ပါ အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်များတွင် မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ၊ ကောလာဟလသတင်းမှားများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် သိရှိလိုသည့်အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များသို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး (၈) အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း(၂၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)