မုဒုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကျိုက်ဇယ်ဆံတော်ရှင်စေတီတော်ရှေ့၌ ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ “နမောတဿ”သုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကာ သြဝါဒခံယူသည်။ ထို့နောက် ဆရာတော်ကြီးများနှင့် ပင့်သံဃာများအား တာဝန်ရှိသူများက ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
ထို့နောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်အဖွဲ့မှ မွန်အမျိုးသားအလံအား လွှင့်ထူ၍ အလေးပြုခဲ့ကြပြီး မွန်ညီညွတ်ရေးပါတီ(ဗဟို)မှပေးပို့သည့် မိန့်ခွန်း၊ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာမှ ပေးပို့သည့် မိန့်ခွန်းကို အခမ်းအနားသဘာပတိကြီးက ဖတ်ကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက မွန်စာပေနှင့် ယဥ်ကျေးမှုဆိုင်ရာများ၊ ယခုနှစ် မြေစိုက်ပိုစတာ၏ အဓိပ္ပါယ် စသည့် မွန်အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဖတ်ကြားသည်။
မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသား စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်း ထိမ်းသိမ်းသွားနိုင်ရန် ရည်ရွယ်၍ မွန်အမျိုးသားနေ့ကို အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)