ကျိုင်းတုံ ဖေဖော်ဝါရီလ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု/ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် ၄၁၇.၅၈၃ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မိုင်းပျဉ်းမြို့နယ်၊ သုဝဏ္ဏသျှံတောင်တော် အတက်လမ်း ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအခြေအနေများကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်း၊ စီမံကိန်းတာဝန်ခံနှင့်တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ သုဝဏ္ဏသျှံတောင်တော် အတက်လမ်း ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိပ် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါသုဝဏ္ဏသျှံတောင်တော် အတက်လမ်းသည် စုစုပေါင်းအရှည် ၁၃/၂ မိုင်ရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားလမ်း (၁၃/၂)မိုင်၊ ကျောက်ခင်းလမ်း ၉/၀ မိုင်နှင့် ကွန်ကရစ်လမ်း ၁/၅ မိုင် ဖောက်လုပ်ခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၆၀)ခု ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ် (၅၉၄၈.၄၈၆)သန်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများက ပုံမှန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်စိန်သန်း