ချောင်းဆုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ အထင်ကရနေရာ ဆေးတံကြီးအဝိုင်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ မွန်အမျိုးသားနေ့(တနင်္ဂနွေရုံးပိတ်ရက်)ဖြစ်သည်နှင့်အညီ စျေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိသည်။
ရွာလွတ်ကျေးရွာသည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ခန့်က(အိမ်တွင်းလက်မှုလုပ်ငန်း) ဆေးတံလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကျော်ခဲ့သည့် ထုတ်ကုန်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ ရှေးယခင်ကတည်းက နာမည်ကျော်ခဲ့သည့် ကျေးရွာဖြစ်ပြီး ယခုလက်ရှိအချိန်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများသည် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိပါက ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာသို့ မဖြစ်မနေလာရောက်လည်ပတ်ကြကာ ရွာလွတ်ကျေးရွာ ရွှေဝါသမဝါယမ ဒေသထွက်ကုန်အရောင်းပြခန်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် ဆေးတံ၊ တုတ်ကောက်၊ ကျောက်သင်ပုန်း၊ ဝါးဖက်ခမောက် စသည့်သစ်သားဖြင့် ပြုလုပ်သည့် ပန်းပု၊ ဝါးဖြင့်ပြုလုပ်သည့် အသုံးဆောင်ပစ္စည်းများနှင့် အမှတ်တရပစ္စည်းများ၊ ဒေသထွက်မုန့်မျိုးစုံအရောင်းဆိုင်များတွင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များ လာရောက်ဝယ်ယူကြပြီး ဆေးတံကြီးအဝိုင်းရှေ့၌ အမှတ်တရဓာတ်ပုံရိုက်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)