ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက သပြေဆောင်များနှင့် သဇင်ဆောင်တို့၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ  မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းနှင့် သရုပ်ပြပွဲကို မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟတို့ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများ၊ မြို့နယ် မီးသတ်ဦးစီးမှူးများတို့က ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေဆောင်များနှင့် သဇင်ဆောင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီး ဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ပြီး  ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)