သထုံမြို့နယ်တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

သထုံ      ဖေဖော်ဝါရီ      ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ဂျိုးဖြူကုန်းပိုင်းရှိ မွန်ဓမ္မာရုံ၌ ယနေ့ နံနက်က အကျဉ်းချုံ့၍ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားနေ့ ကျင်းပရာတွင် နံနက် ၇ နာရီ အချိန်၌ မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမင်းတင်နွယ်ဦးဆောင်၍ တက်ရောက်‌လာကြသည့် မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာစသည့်တိုင်းရင်းသားများက မွန်အမျိုးသားအလံတော်ကို လွှင့်ထူ အလေးပြုကြခြင်း၊ သံဃာ တော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာ ဓလေ့ထုံးတမ်းများကို ‌ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသား စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်း ထိမ်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် မွန်တိုင်းရင်းသား စာ‌ပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ အရိသာရဘုမ္မိမွန်ကျောင်း ဆရာတော် ဘဒ္ဒန္တဥာဏ အမှူးပြုသည့်သံဃာတော်များ၊ မြို့နယ်မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် မြို့အဆင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)