မတ္တရာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့ အမှတ်(၅) ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာအတွင်း၌ ဆောင်ရွက်ခဲ့သည်။
သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်လှုပ်ခတ်ခြင်းကြောင့် မီးလောင်ကျွမ်းခြင်း၊ အဆောက်အဦးပြိုကျခြင်း၊ အထပ်မြင့် အဆောက်အဦမှ ပိတ်မိလူနာများအား ကယ်ဆယ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မတ္တရာလူငယ်လူမှုကူညီရေးအသင်း၊ Madaya Rescue လူမှုညီရေးအသင်းတို့ပေါင်း၍ BA Set အသက်ရှူကိရိယာ၊ သုံးဆင့်လှေကား၊ မီးသတ်ပိုက်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ အဆင့်မြင့်ကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာများအား Body Harness ဖြင့်ချခြင်း၊ သေဆုံးလူနာအား Stretcher ဖြင့်ချခြင်းများကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်သူများမှ ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် ပါဝင်ဆောင်ရွက်သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)