တံတားဦး ဖေဖော်ဝါရီ ၂၃
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လျှင် အလွယ်တကူငြှိမ်းသတ်နိုင်ရေးတို့အတွက် မြို့မဈေးအတွင်း လက်တွေ့သရုပ်သပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီက အဆိုပါဈေးအတွင်း၌ ကျင်းပကြောင်းသိရသည်။
လက်တွေ့သရုပ်ပြပွဲမဆောင်ရွက်မီ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တာဝန်ရှိသူ များသည် ဈေးအတွင်းရှိ ဈေးဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် လက်တွေ့ သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က မီးလောင်ကျွမ်းခြင်းဆိုသည်မှာ အပူနှင့်အလင်း ထွက်ပေါ်လာသည့် ဓါတုဓါတ်ပြုမှုတစ်ခုခုဖြစ်ကြောင်း၊ မီးလောင်ကျွမ်းရန် အဓိကအားဖြင့် လေ(သို့)အောက်ဆီဂျင် အပူနှင့်လောင်စာတို့ လိုအပ်ပါကြောင်း ထိုအမျိုးအစားထဲမှ တစ်ခုခုကို ဖယ်ရှားလိုက်လျှင် မီးလောင်ကျွမ်းမှု ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်သည့် အခြေအရင်းအမြစ်ကို မီးသတ်ဆေးဘူးခေါင်းဖြင့် ချိန်ရွယ်ပြီး ငြိမ်းသတ်နိုင်ကြောင်း၊ မီးလောင်လျှင် ကြိတ်မငြိမ်းသင့်ပါကြောင်း၊ ဒါ့အပြင် နေအိမ်တိုင်းတွင် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိရေး၊ ရေအိုး၊ ရေကန်များတွင် ရေဖြည့်တင်းထားရှိရေး၊ မီးဖိုများကို ကာရံအသုံးပြုရေး၊ ဝါး၊ ဓနိအိမ်များရှိ နေအိမ်များတွင် မီးဖိုများကို နေအိမ်နှင့်ဝေးကွာသည့်နေရာများတွင် အသုံးပြုရေး၊ မီးဖိုအနီးရှိ လောင်စာများ ရှင်းလင်းထားရှိရေး၊ မီးကြွင်း၊ မီးကျန်များ မရှိစေရေးအတွက် အထူး ဂရုပြုအလေးထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားပြီး မီးသတ်ဆေးဘူးဖြင့်လည်းကောင်း၊ ရေစိုအဝတ်ဖြင့်လည်းကောင်း မီးသတ်ကားဖြင့် ရေပက်သရုပ်ပြခြင်းတို့ကို အသီးသီးလက်တွေ့သရုပ်ဆောင်ရွက်ပေးသည်။
အဆိုပါ သရုပ်ပြခြင်းဆောင်ရွက်ရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ ဈေးသူ/သားများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)