မြင်းခြံမြို့မစည်ပင်သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်

မြင်းခြံ    ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မစည်ပင်သာယာဈေးအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ခ ဦးစီး၍ ဈေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့်တပ်ဖွဲ့ဝင်များ၊  အရန်မီးသတ်တပ်ဖွဲ့ဝင်များ  ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က မီးဘေးလုံခြုံရေး ပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)