တပ်ကုန်း ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်တွင် အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ဦးရှောင်ဟိုးဗိမာန်တွင် ကျင်းပခဲ့သည်။
ဦးစွာ ဦးရှောင်ဟိုးဗိမာန်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်းက ပန်း၊ ဆီမီးနှင့် ရေချမ်း ဆက်ကပ်ပူဇော်ပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်တော်မူပြီး၊ စာချနာယကဆရာတော် ဘဒ္ဒန္တမေဓိယက ရောင်ခြည်တော်ဖွင့်ဂါတာရွတ်ဖတ် ပူဇော်ပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်ပရိသတ်များက ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇောတကထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အား သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇောတကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပြီး အလှည့်ဆရာတော် ဘဒ္ဒန္တမေဓိယက စတင်၍ ရွတ်ဖတ်ပူဇော်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၉ရက်နေ့ထိ ဆရာတော်၊ သံဃာတော် ၁၃ ပါးဖြင့် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်