မြစ်သား ဖေဖော်ဝါရီ ၂၃
မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊လက်မှုလုပ်ငန်း ဦးစီးဌာနနှင့် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်က သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဦးကျော်ဇေယျာဝင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အသေးစား အငယ်စား စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရန် အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်အတွက် ယခုကဲ့သို့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသင်ကြားပေးခဲ့မှုအပေါ် သင်တန်းသားများမှ စိတ်ပါဝင်စားစွာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ပေးခဲ့သည့်အတွက် မိမိတို့ဌာနမှ ကျေးဇူးတင်ရှိကြောင်း၊ အမှန်တကယ် လက်တွေ့အကျိုးရှိရှိ အသုံးချစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မြို့ပြနှင့်ကျေးလက်ဒေသများတွင်အသေးစား လက်မှုလုပ်ငန်းများနှင့် လူသုံးကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင်ထုတ်လုပ်၍ မိသားစုစီးပွားရေးအဆင်ပြေစေရန်အတွက် မိမိတို့ဌာနမှ အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စားသင်တန်းသူ ဒေါ်မာမာဦးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသားများအား ကျောက်ဆည်ခရိုင်အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က သင်တန်းသားများအား သင်တန်းထုတ်ကုန်ပစ္စည်းများကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မန္တလေး တိုင်းဒေသကြီး အသေးစားစက်မှု၊ လက်မှုဦးစီးဌာနမှ နည်းပြဆရာမများ၊ ကျောက်ဆည်ခရိုင ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ် တင်တင်ထွေး ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအားလုံးကို ဘက်စုံသုံးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် သဘာဝခေါင်းလျော်ရည်ဘူးများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)