ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ "ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ"၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)