မဟာအောင်မြေမြို့နယ်၌ သံလျက်မှော်အရှေ့ရပ်ကွက်၊ ကိုးနဝင်းစေတီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက်၊ ကိုးနဝင်းစေတီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးအောင်ဖြိုးမြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်စိုးရိမ်ရန်မလိုသည့် အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလ သတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများကလည်း သိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြားပြီး တက်ရောက်လာ သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးဆေး၊ အဖွဲ့၀င်(၁)ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့၀င်(၂)ဦးထွန်းထွန်း၀င်း၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  အုပ်ချုပ်ရေးမှူးများ ပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း