ချောင်းဆုံ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပထမဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ်(၁၁၁၆)ခုနှစ် တပို့တွဲလဆုတ်(၁)ရက်နေ့အား မွန်အမျိုးသားနေ့အဖြင့် သတ်မှတ်ကာ မွန်အမျိုးသားနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမာမိုကျေးရွာတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(ဗဟို)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်အမျိုးသားအလံတော်အား လွှင့်တင်ကာ အခမ်းအနားတက်ရောက် လာသူများမှ ပြည်ထောင်စုအလံ၊ မွန်အမျိုးသားအလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမာမိုကျေးရွာ သစ္စာရာမကျောင်းတိုက် ဆရာတော်က အဖွင့်ဩဝါဒဂါထာမိန့်ကြားကာ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနား သဘာပတိကြီးက သဘာပတိမိန့်ခွန်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် မွန်အမျိုးသားနေ့ သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး နိုင်ခင်မောင်ဦးက ဖတ်ကြားခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဖတ်ကြားကာ ရန်ပုံငွေကျပ် သိန်း(၅၀၀)ထောက်ပံ့သည့် ပြည်နယ်အစိုးရအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် လာမည့်နှစ်တွင် မွန်အမျိုးသားနေ့ကျင်းပမည့် ရွာလွတ်ကျေးရွာသို့ မွန်အမျိုးသားနေ့ ကျင်းပရေးအလံအား လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား(ဗဟို)သို့ ကျေးရွာ (၁၆)ရွာမှ မွန်တိုင်းရင်းသားများမှ ချီတက်အလေးပြုခဲ့ကြပြီး မွန်ရိုးရာယဉ်ကျေးမှု ဖျော်ဖြေမှုများကို တိုင်းရင်းသားများ အေးချမ်းပျော်ရွှင်စွာ လာရောက်အားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)