ကလော ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ(၂၃)ရက် နံနက်(၉)နာရီက ကလောခရိုင် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ နိုင်ငံစီးပွားရေးမြှင့်တင်ရေး ထုတ်ကုန် MSME တစ်ခုဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စားဒေသထွက်ကုန်များကို ထုတ်လုပ်ဆောင်ရွက်နေသော Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံဥက္ကဋ္ဌ ဦးရီမြင့်အောင်မှ စက်ရုံနှင့် ပတ်သက်၍ ရှင်းလင်းရာ ကော်ဖီထုတ်၊ မုန့်လာဥအရွက်၊ မုန့်လာဥအနီခြောက်တို့ကို အခြောက်ပြုလုပ်ပြီး ဂျပန်နိုင်ငံသို့ တင်ပို့ကြောင်း၊ နိုင်ငံခြားကို Made in Myanmarဖြင့် တင်ပို့ရန်ရည်ရွယ်ပြီး ဂျပန်၊ ကိုးရီယားနိုင်ငံ စျေးကွက်တွင် အမည်ရနေကြောင်း၊ ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသို့ တင်ပို့နိုင် ခြင်းကြောင့် နိုင်ငံတော်နှင့် တောင်သူများပါ ဝင်ငွေတိုးစေပါကြောင်း ရှင်းလင်းတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြပြီး ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စု၊ မြေခြားရွာအနီးရှိ ShanOrchard Myanmar Ltd A Trading ထောပတ်သီးရောင်းဝယ်ရေးသို့ သွားရောက် ကြည့်ရှုရာ မန်နေဂျာဦးမျိုးသက်လွင်မှ ရှင်းလင်းကြောင်းသိရသည်။
အဆိုပါစက်ရုံမှ ထောပတ်ဆီ(၁)ရက်ကို ပျှမ်းမျှအထွက်မှာ (၁၀၀)လီတာဖြစ်ပြီး ပြည်တွင်းသို့ တင်ပို့ကုန်အဖြစ် ဖြန့်ဖြူးပေးကြောင်းနှင့် ကုန်ကြမ်းများကို နီးစပ်ရာပတ်ဝန်းကျရှိ တောင်သူများထံနှင့် စက်ရုံမှစိုက်ပျိုးထားသည့် ခြံထွက်အသီးများဖြင့် အသုံးပြုပါကြောင်း ထောပတ်ဆီမှထွက်ရှိသော ကုန်ချောများအဖြစ် ကိုယ်လိမ်းလိုးရှင်း၊ ဆံပင်ပေါက်ဆေး၊ နှုတ်ခမ်းအဆီ၊ ပရုပ်ဆီ၊ ဆံပင်ပေါင်းဆေး၊ ကိုယ်သုံးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ နေလောင်ကာလိမ်းအဆီများ ထုတ်လုပ်၍ ပြည်တွင်း စျေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)