ညောင်ရွှေမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်

 

ညောင်ရွှေ         နိုဝင်ဘာ            ၃

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အလိုက် ခွဲဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များကို ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော အဖွဲ့ ၈ ဖွဲ့ဖြင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအလိုက် သတ်မှတ်အရေအတွက် စစ်ဆေးခြင်း၊ ခွဲဝေခြင်းတို့ကို ဆောင် ရွက်ခဲ့ရာ မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

ညောင်ရွှေမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုရှိ မဲရုံပေါင်း ၁၄၃ ရုံ အတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ၂၃၈၁ အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ် ၂၃၈၁ အုပ်၊ ပြည်နယ် လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် ၁၁၈၉ အုပ်၊ ပြည်နယ်လွှတ်တော် အမှတ်(၂) ဆန္ဒမဲလက်မှတ် ၁၁၉၂ အုပ်၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ် ၉၈ အုပ်၊ လီဆူးတိုင်းရင်းသား လူမျိုး လွှတ်တော် ဆန္ဒမဲ လက်မှတ် ၅ အုပ်၊ အင်းသားတိုင်းရင်းသားလူမျိုး လွှတ်တော် ဆန္ဒမဲလက်မှတ် ၁၃၁၈အုပ်တို့ကို ခွဲဝေ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်