ရပ်ကွက်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမရပူရ ဖေဖော်ဝါရီ ၂၅

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ဒုတိယမီးသတ်ဦးစီးမှုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ မီးဘေးအန္တရာယ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ​အမရပူရမြို့၊ မှန်တန်းရပ်ကွက်နယ်မြေ ၁ တွင် ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မီးလောင်ဖြစ်ပွားမှုများလျော့နည်းစေရေးတွက် ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကားများ ဆောင်ရွက်ထားရှိခြင်း၊ မီးသတ်ဆေးဘူးများ အလွယ်တကူအသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်း ရှိ၊ မရှိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ရပ်ကွက်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းများ၊ စက်ရုံများတွင် မီးအသုံးပြုမှုနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းအသုံးပြုမှု စနစ်တကျရှိရေး၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများထားရှိမှု၊ အရေးပေါ်အခြေအနေများတွင် မီးငြှိမ်းသတ်ယာဉ်များ အလွယ်တကူဝင်ရောက်နိုင်ရန် ဝင်ပေါက်၊ ထွက်ပေါက်များ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(အမရ)