တောင်ကြီး ဖေဖော်ဝါရီ ၂၅
၂၀၂၄ခုနှစ်၊ ၁၃၈၅ခုနှစ် တပို့တွဲလဆန်း(၁၄)ရက်(သောကြာနေ့) ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ(၂၃)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့သည်။
ထမနဲထိုးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့ကျင်းပပြုလုပ်သော စုပေါင်းထမနဲထိုးပြိုင်ပွဲကို မြန်မာလူမျိုးတို့၏ ယဥ်ကျေးမှုအစဥ်အလာကို ထိန်းသိမ်းခြင်းနှင့် ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စည်းလုံးညီညွတ်မှုအားကို ဖော်ကျူးသည့်အနေနှင့်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ စည်းလုံးညီညွတ်မှုအင်အားကို ဖော်ဆောင်သည့်အနေနှင့် လည်းကောင်း၊ မြတ်စွာဘုရားရှင်နှင့် ဆရာတော်၊ သံဃာတော်များအား လှူဒါန်းရန် ကုသိုလ်ကောင်းမှုတစ်ရပ်အနေဖြင့် လည်းကောင်း၊ မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ မိဘပြည်သူများ အားလုံးစည်းလုံးညီညွှတ်စွာဖြင့် တစ်သားတည်းရှိနေသည်ကို ပြယုဂ်တစ်ခုအနေဖြင့်လည်းကောင်း၊ ရည်ရွယ်ချက်ပေါင်းများစွာဖြင့် ယခုလိုစုပေါင်း ထမနဲထိုးပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပူးပေါင်း ပါဝင်ပေးကြသည့် ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ကွက်၊ကျေးရွာအသီးသီးမှ ပြိုင်ပွဲဝင်အဖွဲ့များကိုလည်းကောင်း၊ ပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင် လုပ်ငန်းရှင်များအားလုံးကို လည်းကောင်း၊ စည်းလုံးညီညွတ်စွာ အင်အားပြကြသည့် ပြိုင်ပွဲဝင်အဖွဲ့များ အားလုံးကိုလည်းကောင်း၊ တက်တက်ကြွကြွနှင့် စိတ်ပါဝင်စားစွာ လာရောက်အားပေးကြသည့် ဧည့်ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကို၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ထမနဲထိုးပြိုင်ပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သေနတ်ပစ်ဖောက်၍ ပြိုင်ပွဲကိုစတင်ယှဥ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထမနဲထိုးပြိုင်ကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲမကျင်းပမည် ဒေသခံတေးဂီတတီးဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ နှစ်သိမ့်ဆုရရှိသော အသင်း(၁၇)အား တစ်သင်းလျှင်(၁)သိန်းစီတို့ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် တို့မှဆုတံဆိပ်နှင့် ငွေသားများ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဂုဏ်ပြုဆုနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ချီးမြှင့်ပေးကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို ထမနဲများဝေငှပေးကြကြောင်း သိရသည်။
အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၁၆)ကြိမ်မြောက်မြန်မာ့ရိုးရာ စုပေါင်းထမနဲ ထိုးပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်(၂၂)ရပ်ကွက် အေးသာယာ၊ ရွှေညောင်မြို့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ(၇၇)သင်း ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)