မိတ္ထီလာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မိမိတို့သင်တန်းကျောင်းမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် ရက်ကန်း သင်တန်းများ၊ စက်ချုပ်နည်းသင်တန်းများ၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ၊ သံဂဟေဆက်သင်တန်းများနှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းပညာသင်တန်းများကို ဖွင့်လှစ်သင် ကြားပေးလျက်ရှိပါကြောင်း ယခုဖွင့်လှစ် သင်ကြားပေးလိုက်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းမှ သင်ကြားပေးသော ပညာရပ်များကို အသုံးချ၍ မိမိတို့၏ တစ်ပိုင်တစ်နိုင် လုပ်ငန်းထူထောင်လုပ်ကိုင်သွားစေလိုကြောင်း ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဒေါ်ခင်စန်းတင်တို့က သင်တန်း သား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးခဲ့သည်။
၎င်းနောက် သင်တန်းနည်းပြဆရာမက သင်တန်းသား သင်တန်းသူများအား သင်တန်းမှ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းများအား ပေးအပ်ခဲ့ပြီး လုပ်ငန်းထူထောင်သွားမည် သင်တန်းငါးဦးအား လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)