ကျိုက်မရော ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မွန်တိုင်းရင်းသားတို့၏ အမျိုးသားနေ့အလံကို လွှင့်ထူကာ မွန်တိုင်းရင်းသားများက ချီတက်အလေးပြုခဲ့ကြသည်။
ဆက်လက်၍ ဘုရားကြီးကျောင်းတိုက်၏ ဦးစီးနာယကပဓာနဆရာတော် ဒေါက်တာ ဘဒန္တ ဝါရီန္ဒ အမှူးထား၍ သံဃာတော် အရှင်သူမြတ်များအား တပည့်ဒါယကာ၊ ဒါယိကာမများက နံနက်အာရုဏ်ဆွမ်းဆက်ကပ်၍ ငါးပါးသီလခံယူကာ တရားတော်နာယူခဲ့ကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာကို မွန်တိုင်းရင်းသား မင်းဗညားညဏ်က မွန်ဘာသာ(မြန်မာဘာသာ)နှစ်မျိုးဖြင့် ဖတ်ကြားခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် မွန်တိုင်းရင်းသားလူမျိုးများ အများဆုံးနေထိုင်လျက်ရှိရာ မွန်အမျိုးသားနေ့အခမ်းအနားများကို ကျေးရွာအသီးသီး၌ နှစ်စဥ် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ (၇၇)ကြိမ်မြောက် ပြည့်ခဲ့ပြီဖြစ်ကြောင်းနှင့် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်တိုင်းရင်းသား၊ တိုင်းရင်းသူလေးများက မွန်ရိုးရာအကအလှများ၊ မွန်ရိုးရာတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်များအား မွန်ရိုးရာအစားအစာများဖြင့် စတုဒီသာများ ကျွေးမွေးလျက်ရှိရာ မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပါဝင်ဆင်နွှဲကြသူ တိုင်းရင်းသားများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မိချို (ပြန်/ဆက်)