မုဒုံမြို့၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

မုဒုံ  ဖေဖော်ဝါရီ   ၂၅

မွန်ပြည်နယ် မုဒုံမြို့နယ်၌ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့မ (၃)ရပ်ကွက်ရှိ အာသောကာရာမဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ် ခဲ့ပြီး အာသောကာရာမ မွန်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တမင်္ဂလာဘိဝံသထံမှ  တက်ရောက်သူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပန္နဲတိုက် မွန်ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးထံမှ သြဝါဒခံယူကြကာ ဆရာတော်ကြီးများနှင့် ပင့်သံဃာ(၇၅)ပါးအား ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

ထို့နောက် မွန်အမျိုးသားနေ့​ အလံတင်အခမ်းအနားကို ကျင်းပရာ အလံတင်အဖွဲ့မှ မွန် အမျိုးသားအလံအား လွှင့်ထူ၍ အလေးပြုခဲ့ကြပြီး မွန်ညီညွတ်ရေးပါတီ(ဗဟို)မှပေးပို့သည့် မိန့်ခွန်းကိုအခမ်းအနား သဘာပတိကြီး  နိုင်မြိုင်စိန်က ဖတ်ကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက မွန်စာပေနှင့်ယဥ်ကျေးမှုဆိုင်ရာများ၊ ယခုနှစ် မြေစိုက်ပိုစတာ၏ အဓိပ္ပါယ စသည့်မွန်အမျိုးသားနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဖတ်ကြားသည်။ ယင်းနောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဝဏ္စကြီးနှင့် တာဝန်ရှိသူများက မွန်စာပေဖိတ်ခေါ်စာမူ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ပုံပြင်၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူ (၃၃)ဦး၊ စာပေယဥ်ကျေးမှုဆိုင်ရာ ကဗျာ၊ စာစီစာကုံး၊ မွန်ရိုးရာယဥ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲများမှ ဆုရရှိသူ(၁၅)ဦးတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)