မုဒုံ ဖေဖော်ဝါရီ ၂၅
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ညနေက မွန်ပြည်နယ် မုဒုံမြို့ရှိ မြို့မ(၄)ရပ်ကွက်၌ ကျင်းပသည်။
မွန်လူမျိုးတို့၏ ဘာသာစကား၊ ယဥ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဥ်အလာများ မတိမ်ကော မပျောက်ကွယ်စေရန် မွန်အမျိုးသားနေ့ကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားစိတ်ဓာတ် ရှင်တန်ထက်မြတ်စေရန်၊ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပြည်နယ်အတွင်းအားက စားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မြန်မာ့ရိုးရာ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှစတင်ကာ ပြိုင်ပွဲဝင်းအသင်း ၁၃ သင်းတို့က (၄)သင်း တစ်အုပ်စု၊ (၃)သင်း သုံးအုပ်စုတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ဗိုလ်လုပွဲစဥ်တွင် ၄၄၄ အသင်းနှင့် သုံးဆူအသင်းတို့က ယှဥ်ပြိုင်ခဲ့ရာ သုံးဆူအသင်းက အနိုင်ရ ဗိုလ်ဆွဲခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲကျင်းပရာ ပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမဆု (၃) သိန်းကျပ်၊ ဒုတိယဆု (၂)သိန်းကျပ်၊ တတိယဆု(၁)သိန်း (၅)သောင်းကျပ်နှင့် မွန်အမျိုးသားနေ့ အမှတ်တရ ဒိုင်းဆုများကို အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)