ရန်ကုန် ဖေဖော်၀ါရီ ၂၄
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တပို့တွဲလပြည်နေ့ ထမနဲဆွမ်လှူဒါန်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းမှ စတင်၍ရွှေတိဂုံစေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့၀င်များ၊ ဝန်ထမ်းများနှင့် ရွှေတိဂုံစေတီတော် ဝတ်အသင်းအဖွဲ့များက စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့်ကပ်လှူပူဇော်ကြပြီး သြဝါဒပါတိမောက် အခါတော်နေ့အခမ်းအနားကို အစီအစဥ်အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းနှင့် ရောင်တော်ပွင့်တန်ဆောင်းတို့၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပင့်သံဃာတော်များက ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်ရင်ပြင်တစ်ပတ် လှည့်လည်ပူဇော်ခံရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များကထမနဲဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ထို့နောက်(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲ ရေစက်ချအနုမောဒနာအခမ်းအနားကို ချမ်းသာကြီး တန်ဆောင်း၌ ဆက်လက်ကျင်းပသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သြ၀ါဒါစရိယ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင်၊ သာသနာ့ဓဇဓမ္မာစရိယ ဆရာတော်ဘဒ္ဒန္တကဥ္ဇနထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်ကြသည်။
ထို့နောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ထမနဲလှူဒါန်းတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးထိန်၀င်းက ဇယမင်္ဂလာအနုမောဒနစကား လျှောက်ထားသည်။
ယင်းနောက်သြ၀ါဒါစရိယ ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဂေါပကအဖွဲ့၀င်များနှင့် အလှူရှင်များကလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဘဒ္ဒန္တဂုဏလင်္ကာရထံမှုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)