ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စိမ်းလန်းစိုပြည်ရေး သစ်တောဦးစီးဌာနမှ ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိကြောင်းနှင့် ပျိုးထောင်ထားရှိသော ပျိုးပင်များအား ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် သာသနာ့နယ်မြေများအတွင်းစိုက်ပျိုးရန် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်ပျိုးပင်များပျိုးထောင်ထားရှိပြီး ဒေသအတွင်းစိမ်းလန်း စိုပြည်ရေးဆောင်ရွက်လျက်ရှိရာ" ဒေသတွင်းစိမ်းလန်းစိုပြေရေးနဲ့ ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့ နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်းပင်၊ လျှော်ဖြူပင်၊ တမာပင်၊ မယ်ဇလီပင်၊ မယ်ဇယ်ပင်၊ ရေတမာပင်၊ စိန်ပန်းပင် သစ်ဆိမ့်ပင်၊ ပင်လယ်ကဗွီပင်၊ ခရေပင်၊ အာသောကပင်နှင့် ငုရွှေဝါပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် မြောက်ရဒါန်းချောင်းဆုံသစ်တောကြိုဝိုင်းနှင့် ကျေးရွာထင်းစိုက်ခင်းအဖြစ် စိုက်ပျိုးရန် ယူကလစ်ပျိုးပင်နှင့် ရှားပင်မျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)