ကျောက်ဖြူမြို့၌ ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဖြူ   ဖေဖော်ဝါရီ  ၂၅

မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများအချင်းချင်း ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှစ်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ဦးဥတ္တမပန်းခြံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထမနဲထိုးပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အဖွဲ့များကို တစ်ဖွဲ့ချင်းစီ လိုက်လံနှုတ်ဆက်အားပေးပြီး ဝန်ထမ်းများက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် ပြိုင်ပွဲဝင်အသင်းများကို ပျော်ရွှင်စွာ အားပေးခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ခရိုင်/မြို့နယ်ဌာနပေါင်းစုံ ပြိုင်ပွဲဝင်အဖွဲ့ (၁၀)ဖွဲ့တို့မှ အကြိတ်အနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် အဖွဲ့(၂)အား သုံးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် အဖွဲ့(၇)အား နှစ်သိန်းကျပ်နှင့် တတိယဆုရရှိသည့် အဖွဲ့ (၁၀)ဖွဲ့အား တစ်သိန်းကျပ်ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)