တပ်ကုန်း ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းမှ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူသော သံဃာ၊ သီလရှင် ၁၂၁ ပါးတို့အား ဘွဲ့လက်မှတ်ဆက်ကပ်ခြင်း၊ စာအောင်ဆုငွေများ ဆက်ကပ်ပူဇော်သည့် (၄၃)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့နယ်ဩဝါဒစရိယ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီဆရာတော်နှင့် မြို့နယ်သံဃနာယက ဆရာတော်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးမင်းဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သာသနာရေးဦးစီးမှူး ဦးဆန်းထွန်းအောင်၊ ဥတ္တရခရိုင်သာသနာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆွမ်းလောင်းအသင်းများ၊ ဓမ္မာစင်္ကြာဝတ်အဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာများမှ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် မြို့နယ်ဩဝါဒစရိယဆရာတော် မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်က သရဏီယ ဩဝါဒကထာ မြွတ်ကြားခြင်း၊ ဓမ္မာစရိယအောင်သံဃာနှင့် သီလရှင်တို့၏ ထေရုပ္ပတ္တိအကျဉ်းတို့ကို တာဝန်ရှိသူများက ဖတ်ကြားပူဇော်ခဲ့ပြီးနောက် ဆရာစံရပ်ကွက်၊ မဟာဇနကကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏာရဟထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်တင်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ဓမ္မာစရိယအောင် သံဃာ၊ သီလရှင်အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများက မြို့နယ်ဩဝါဒစရိယဆရာတော်များနှင့် စာအောင် သံဃာ၊ သာမဏေနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ကို နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ ရွှေအင်းရိပ်သာကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိက ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်