ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်းမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား ချီးမြှင့်ပေးအပ်

ဗန်းမော် ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူသည့် အချိန်မှစတင်၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် မိမိတို့နှင့်အတူ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ပြုသည့်အနေဖြင့် ယခုလို ဂုဏ်ထူးဆောင်ဆုများကို ချီးမြှင့်အပ်နှင်းရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုကဲ့သို့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည့်အပြင် ဂုဏ်ပြုဆုရရှိသူများအနေဖြင့်လည်း ဆက်လက်၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီး စိစစ်ရွေးချယ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဗန်းမော်ခရိုင်အတွင်းမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံ၊ ဒေါင့်စုံမှ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့်ဆုရ (၄)ဦး၊ ဒုတိယအဆင့်ဆုရ (၁၀)ဦး၊ တတိယအဆင့်ဆုရ (၁၀)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု ဒုတိယအဆင့်ဆုရသူ (၁)ဦး၊ တတိယအဆင့်ဆုရရှိသူ (၃)ဦး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်ဆုရ (၁)ဦး၊ ဒုတိယအဆင့်ဆုရ (၂)ဦး၊ တတိယအဆင့်ဆုရရှိသူ (၃)ဦး၊ ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ (၉)တို့ဖြင့် စုစုပေါင်း (၄၃)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် အဆိုပါ အစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ IDPs စခန်းများမှ နေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွေ့နေထိုင်မည့် မိသားစုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မံစီမြို့နယ် မိုင်းခေါင် KBC စခန်းနှင့် ကက်သလစ် RC စခန်းတို့နှင့် ဗန်းမော်မြို့နယ် ရောဘတ်စခန်း၊ ထွယ်ဆန်စခန်းနှင့် နန်ခမ်းမြို့ စိန့်သောမတ်စခန်းတို့မှ ၎င်းတို့၏ နေရပ်ကျေးရွာများဖြစ်သည့် မံစီမြို့နယ်အတွင်းရှိ ဂျေစွမ်းကျေးရွာအုပ်စု၊ ဖဂါရိုင်ကျေးရွာ၊ မုန်းလူကျေးရွာ၊ ကုန်းခါးပါကျေးရွာနှင့် မံဝိန်းကြီးများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု (၁၂၆)စု၊ လူဦးရေ (၆၃၀)ဦးတို့အား ပြောင်းရွေ့စရိတ်အဖြစ် ငွေကျပ် (၁၄၅)သိန်း၊ ပြည်နယ်ဝန်ကြီးများက အိမ်ထောင်စုများအတွက် (၁)လစာ ဆန်ရိက္ခာဖိုး ငွေကျပ် (၆၅၅၂၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပစ္စည်းပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မံစီမြို့နယ်အတွင်း စီခမ်းကြီးကျေးရွာမှ လတ်တလောနယ်မြေအခြေအနေရ ရောက်ရှိရာသော ကျန်းမာ‌ရေးဝန်ထမ်း (၁၅)ဦးတို့အတွက် ငွေကျပ် (၁၅)သိန်း၊ ဗန်းမော်ခရိုင်အတွင်း သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်ဆီးဆုံးရှုံးသွားသော မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှ တောင်သူများအတွက် ထောက်ပံ့ငွေကျပ် (၆၁)သိန်းနှင့် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ (၂)မိုင် အောင်သာရပ်ကွက်ရှိ အသစ်ပြုပြင်တည်ဆောက်ထားသည့် မနောကွင်းသို့ သွားရောက်ပြီး ကချင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ အသင်းအဖွဲ့အသီးမှ လူငယ်/လူရွယ်များအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများအတွက် ရိုးရာမဂွန်းရှိလစ်(ကောက်ညှင်း)ပလိုင်းဖြင့် ဂါဝရပြုပေးအပ်ခဲ့ကြပြီး စာပေနှင့်ယဉ်ကျေးမှုအသင်းတာဝန်ရှိသူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကာ မနောကွင်းအတွင်း ရိုးရာမနောတိုင်သစ်၊ မနောကွင်းနှင့် မုဒ်ဦးတည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၇)နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် မနက်ဈေးအတွင်း ဒေသခံပြည်သူများအတွက် ဟင်းသီးဟင်းရွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ရာသီပေါ်ဟင်းသီးဟင်းရွက်များနှင့် သား/ငါး၊ စားသုံးဆီ၊ ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုနှင့် ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ဈေးလမ်း ဘေးဝဲ/ယာတို့တွင် ရေနှုန်းမြောင်းများ စနစ်တကျ တူးဖော်ဆောင်ရွက်သွားရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၂)မိုင်အောင်သာရပ်ကွက်အတွင်း ရပ်ကွက်နေ မိသားစုများ၏ နေအိမ်ခြံဝင်းအတွင်း တောင်သူဦးအားလင့်အပါအဝင် မိသားစု တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းများအတွင်း မုန်ညှင်း၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်ပင်များ စီးပွားဖြစ်စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် စိုက်ပျိုးနည်းပညာနှင့် မျိုးစေ့များ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများအတွက် နေကြာမျိုးစေ့အိတ်များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များ ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)