မူဆယ် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နှင့် မြို့နယ်အသီးသီး၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက် နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူများ၊ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများနှင် မသန်စွမ်းသူများနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်နေ့မှ စတင်၍ မူဆယ်မြို့၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာမဲရုံများနှင့် မူဆယ်ခရိုင်၊ မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားသည့် မဲရုံများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ ယနေ့၊ အောက်တိုဘာလ(၃) ရက်နေ့တွင်လည်း ကြိုတင်ဆန္ဒမဲများ လာရောက်မဲပေးလျက်ရှိကြောင်းသက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံမှ သိရသည်။
မူဆယ်
မူဆယ်မြို့၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာတို့တွင် ဖွင့်လှစ်ထားရှိသည့် မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင်မဲပေးလျက်ရှိရာ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများက လာရောက်မဲပေးကြပြီး မသန်စွမ်းသူများနှင့် မဲရုံသို့ မလာရောက်နိုင်သည့် မဲဆန္ဒရှင်များကိုလည်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အိမ်တိုင်ရာအရောက် ကြိုတင်မဲထည့်ခြင်းတို့ကို သက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတို့က ဆောင်ရွက် လျက် ရှိသည်။
ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိတင်မဲလာရောက်ပေးခြင်းကို ယနေ့အချိန် အထိ လာရောက်မဲပေးလျက်ရှိသည်။ မူဆယ်မြို့၌ မဲဆန္ဒရှင်(၁)သိန်းကျော်နှင့် မဲဆန္ဒရှင် စုစုပေါင်း (၁၀၃)ရုံဖွင့် လှစ်ထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း(၃၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်း
မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့မှ မြို့ပေါ်ရပ်ကွက်ရှိ မဲရုံအသီးသီး၌ ယမန်နေ့၊ နံနက်ပိုင်းမှ စတင်၍ (၂၀၂၀)ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက်ရှိ ဘိုးဘွားများနှင့် ကြိုတင် ဆန္ဒမဲ ပေးခွင့်ရှိသူများမှ ကြိုတင်ဆန္ဒမဲလာရောက်ပေးကြကြောင်းသိရသည်။
"ရပ်ကွက်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက်ရှိသူတို့မှ ကြိုတင်မဲပေးရန် ညွှန်ကြားထားပြီဖြစ်ပါတယ်၊ အသက်(၆၀)နှစ်ကျော်နေတဲ့ သက်ကြီးရွယ်အိုစုစုပေါင်း(၃၀၀)ဦးခန့်ရှိပြီး ကြိုတင်မဲပေးရန် အသက်(၇၀) နှစ်နှင့် အထက်ရှိ သက်ကြီးရွယ်အိုတွေကို ပထမဦးစားပေးဆောင်ရွက်နေပါတယ်၊ ဒုတိယဦးစားပေးအနေနဲ့ မဲရုံမှာ တာဝန်ထမ်းဆောင်မယ့်သူတွေနဲ့ ကျန်းမာရေးအရမဖြစ်မနေခရီးသွားရမယ့် မဲဆန္ဒရှင်တွေကို ကြိုတင် မဲပေး နိုင်ရန် စနစ်တစ်ကျဆောင်ရွက်ပေးပါတယ်"လို့ ရပ်ကွက်အတွင်း ကြိုတင်မဲပေးခြင်း ဆောင်ရွက် ထားရှိမှု များကို အမှတ်(၈)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ဆက်လက်ပြီး ကြိုတင်ဆန္ဒမဲပေးမည့်သူမဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် နံနက်ပိုင်း မှစပြီး နေ့လည်(၁၂)နာရီအချိန်အထိ သက်ဆိုင်ရာမဲရုံများ၌ ကြိုတင်မဲလာရောက်ပေး နိုင်ကြောင်းကို အသံချဲ စက်ဖြင့် ပြည်သူများကို အသိပေးနိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မုံးကိုး
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ ကြိုတင် မဲပေးခြင်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က မုံးကိုးမြို့၊ ရပ်ကွက်ကော်မရှင်ရုံး၊ ယာယီမဲရုံး၌ ကြိုတင် မဲပေးကြသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သတ်ပြီးရပ်ကွက်ကော်မရှင်ဉက္ကဌဦးခွန်တောင်က “အခုကျွန်တော်တို့ ရပ်ကွက် မှာရှိတဲ့ ပြည်သူ့ဝန်ထမ်းများ၊ မဲ့ရုံးကိုယ်စားလှယ်ဆောင်ရွက်မည့် သူများနှင့်အသက်(၆၀)နှစ် အထက် အဘိုး အဘွားများကြိုတင်ဆန္ဒမဲပေးနေတာဖြစ်ပါတယ်၊ အခုကော်မရှင်ရုံးကိုမလာရောက်နိုင်တဲ့ အဘိုး အဘွား များကိုလည်းအဆင်ပြေလွယ်ကူစွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆက်လက်ဆောင်ရွက် နေပါတယ်”လို့ ပြောကြား ပါသည်။
“အနာဂတ်မြန်မာနိုင်ငံပိုမိုဖွံ့ဖြိုးတိုတက်အောင် ပြည်သူတွေကိုယ်တိုင်ရွေးချယ်တဲ့ ကိုယ်စားလှယ် လောင်း တွေကို မဲ့ပေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ကျွန်တော်တို့နိုင်ငံလည်း ဒီထက်မက ပိုမိုဖွံ့ဖြိုးတက်ဖို့ မျှော်လင့် ပါတယ်၊ လိုအပ်ချက်များကိုလည်းမဲ့ရုံတာဝန်ရှိသူတွေက ကူညီပေးပြီး လုံခြုံစိတ်ချစွာနဲ့ ဆန္ဒမဲပေးခဲ့ ပါတယ်”လို့ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေကိုမဲဆန္ဒရှင်ကိုဇော်ကိန်က ပြောကြားပါသည်။
မုံးကိုးမြို့၌ မဲဆန္ဒရှင်(၁၅၀၀၀)ကျော်နှင့် မဲရံ(၃၁)ရုံရှိပြီး ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူနှင့် သက်ကြီးရွယ် အိုများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်လာရောက်မဲပေးကြပြီ ဖြစ်ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို နံနက် (၁၀)နာရီအချိန်မှစတင်ပြီး အသက်(၆၀)နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များ၊ မသန်စွမ်းသူများနှင့် ကျန်းမာရေး မကောင်းသူများက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ သတ်မှတ်ထားသည့် နေရာများတွင် ကြိုတင်ဆန္ဒမဲဆက်လက်ပေးလျက်ရှိသည်။
ကြိုတင်ဆန္ဒမဲပေးသူ အသက်(၆၀)ကျော်ရှိဦးမြမောင်က “(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအတွေထွေရွေးကောက်ပွဲအတွက် ပြည်သူတစ်ဦးအနေနဲ့ ယခုလို ကိုယ်ရွေးချယ် တဲ့ ကိုယ်စားလှယ်လောင်းကို လွတ်လပ်စွာနဲ့ ပေးခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်မိပါတယ်၊ အနာဂတ်မျိုးဆက်သစ်ကလေးတွေကို လမ်းညွှန်ဦးဆောင်ပေးနိုင်မယ့် ပါတီကို မဲပေးတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ယမန်နေ့တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ၊ အမှတ်(၃) ရပ်ကွက်ရှိ မဲရုံနှင့် အမှတ်(၄)ရပ်ကွက်ရှိ မဲရုံတို့တွင် ကြိုတင်ဆန္ဒမဲပေးသူ (ခန့်မှန်း)စုစုပေါင်း(၁၅၀)ဦးရှိကြောင်း ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။
တာမိုးညဲ
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ နယ်စပ်ဒေသ၌ အထွေအထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ(၈)ရက်နေ့ တွင် မဖြစ်မနေတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ အထူးရဲများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲများ ပေး လျက်ရှိရာ ယနေ့၊ နံနက်(၁၀)နာရီအချိန်က ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဖြစ်အနေ တာဝန်ထမ်းဆောင်ကြရမည့် တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းနိုင်၊ လဝကမှူး ဦးအောင်ထွန်းနှင့် နိုင်ငံဝန်ထမ်းများက ရပ်ကွက်(၇)ရှိ၊ မဲရုံအမှတ်(၁)၌ ကြိုတင်ဆန္ဒမဲများ လာရောက် မဲပေးကြသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ကြိုတင်မဲပေးနိုင်ရေးအတွက် စနစ်တစ် ကျကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ ကြိုတင်မဲများဆက်လက်မဲပေးလျက်ရှိသည်။ တာမိုးညဲမြို့ ၌ မဲဆန္ဒရှင်စုစုပေါင်း(၁)သောင်းကျော်နှင့် မဲရုံပေါင်း(၁၁)ရုံထားရှိဖွင့်လှစ်ထားကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)