ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဘေးနှစ်ဘက်တွင် ၂၃-၂-၂၀၂၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက ပြောကြားရာတွင် ကျောင်းသား/သူများ စည်းလုံးညီညွှတ်မှုရှိစေရန်၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထမနဲထိုးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲကို ဘာသာရပ်ဌာနအသီးသီးမှ(၂၁) ဖွဲ့ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော အဖွဲ့များကို တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးဆရာ၊ ဆရာမများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကလည်း တခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)