မတ္တရာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၃-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက မတ္တရာမြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများ၊ မတ္တရာလူငယ်လူမှုကူညီရေးအသင်း၊ Madaya Rescue လူမှုညီရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဉ်များဖြင့် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍တာဝန်ရှိသူများသည် မြို့မစျေးအတွင်း၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လျှပ်စစ်မီးကြိုးများသွယ်တန်း အသုံးပြုမှု အခြေအနေများများကို လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)