ကော့မှူး ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာအုပ်စု သီရိဗလစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ဖွင့်လှစ်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက ဘုရားနေကဇာတင်ပြီး ဦးမုနိဒ္ဒ(စာချ) ဆရာတော်မှစိန်ရောင် ခြည်ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုဘုရားရှင်အား ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ရာတွင် သီရိဗလစေတီတော်အတွင်းကြွရောက် သီတင်းသုံးတော်မှုရန်နှင့် နတ်ပင့်ဂါထာဖြင့်နတ်ဗြဟ္မာများပင့်ဖိတ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာစက္ကထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြကုန်သော ဘာဏကသံဃာတော်များနှင့် ပရိတ်သတ်များက “ဣတိပိသော ဘဂဝါ အရဟံ” စသောဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တို့အား ရွတ်ဆိုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)