ကျိုက်မရောမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ကျိုက်မရော ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ကျိုက်မရောမြို့အဝင် လူစည်ကားရာနေရာဖြစ်သည့် ဟင်္သာရုပ်ထုအဝိုင်း၌ ပြုလုပ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိူးကျော်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးနော်ခမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျိုက်မရော မြို့လူစည်ကားရာ နေရာများဖြစ်သော ဟင်္သာအဝိုင်းရုပ်တုရှေ့၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ မြေစိုက်ပိုစတာအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် စိုက်ထူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးမြေစိုက်ပိုစတာများကို လူစည်ကားရာ နေရာများဖြစ်သည့် အထရံရပ်ကွက်စျေးလမ်းဆုံ၊ ဘိန်းဗျောကျေးရွာလမ်းဆုံနှင့် ပိန်းနဲကုန်းကျေးရွာရှိ လူစည်ကားရာ စျေးများနှင့်လမ်းဆုံ၊ လမ်းဂွများ၌ တစ်ပြိုင်နက်တည်း စိုက်ထူခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်(၃,၀၀၀)ကိုလည်း ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မိချို (ပြန်/ဆက်)