မိတ္ထီလာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းခါးကုန်း ကျေးရွာဖွံ့ဖြိုးရေး ဂန့်ဂါးမြေသားလမ်း ၂ မိုင်ခန့်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မျှဝေခြင်း အစီအစဉ်ဖြင့် သဖန်းခါးကုန်း ကျောင်းဆရာတော် ဘဒ္ဒန္တစာရိန္ဒမှ ဦးဆောင်ကြီးကြပ်၍ ဖောက်လုပ်လျက် ရှိကြောင်းသိရသည်။
“ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ မျှဝေခြင်းအစီအစဉ်နဲ့ လမ်းဖောက်လုပ်ဖို့လိုအပ်တဲ့ စက်ယန္တရားတွေနဲ့ ယာဉ်မောင်းတွေကို ထောက်ပံ့ပေးတယ်။ ရွာကတော့ စက်ယန္တရား စက်ဆီဖိုးနဲ့ ယာဉ်မောင်းတွေရဲ့ စားသောက်ရေးအတွက် လိုအပ်တာတွေကို ပံ့ပိုးကူညီ ပေးရတာပေါ့။ ကျေးရွာဒေသခံတွေရဲ့ ပူးပေါင်းပါဝင်ပြီး လုပ်အားဒါနဆောင်ရွက်မှု၊ စေတနာရှင် အလှူရှင်တွေရဲ့ လှူဒါန်းပါဝင်မှုတွေနဲ့ ဒီလမ်းခင်းတာကို ဆောင်ရွက်တာပါ။ ဒီလမ်း ဖောက်လုပ်ပြီးသွားရင်တော့ သဖန်းခါးကုန်းရွာ ဒေသခံတွေအနေနဲ့ မြို့ပေါ်ကို ကျန်းမာရေး၊ ပညာရေးနဲ့ ကျေးရွာဒေသထွက် သီးနှံတွေတင်ပို့ရောင်းချရာမှာ ပိုမိုအဆင်ပြေ ချောမွေ့လာမှာ ဖြစ်တဲ့အတွက် ကျေးရွာဖွံ့ဖြိုးရေးကို အများကြီး အကျိုးပြုမှာဖြစ်ပါတယ်။ အခုလို စက်ယန္တရားတွေနဲ့ ကူညီဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျေးရွာ အတွက်လည်း ဝမ်းသာ ပီတိဖြစ်ပါတယ်ဟု သဖန်းခါးကုန်း ကျေးရွာ ကျောင်း ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တ စာရိန္ဒက မိန့်ကြားသည်။
သဖန်းခါးကုန်းကျေးရွာသည် မိတ္ထီလာမြို့ပေါ်နှင့် မိုင် ၂ဝ ခန့်ကွာဝေးပြီး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၇၈ အရှေ့ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသည်။ ယခင်က မိတ္ထီလာမြို့ပေါ်နှင့် ဆက်သွယ်သွားလာရသော လမ်းပန်းဆက်သွယ်ရေးမှာ ခက်ခဲ၍ ကျန်းမာရေးနှင့် အခြားလူမှုကိစ္စများအတွက် သွားလာဆောင်ရွက်ရာတွင် များစွာအခက်ကြုံခဲ့ရပြီး ယခုလမ်း ဖောက်လုပ်ပြီးစီးပါက သဖန်းခါး ကုန်းကျေးရွာဒေသခံများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာခရိုင်ပြန်/ဆက်)