ချမ်းမြသာစည်မြို့နယ် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၂ လမ်းနှင့် ၁၀၄ လမ်းထောင့်ရှိ ဦးပွားဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့်ပြစ်မှု ပြစ်ဒဏ်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားနှင့် စစ်မှုထမ်းအချိန် ကာလသတ်မှတ်ချက်များ ၊ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည့် အချက်များအကြောင်းတို့ကို Power Point ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဝေဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူး ဇော်ဝင်းကျော်၊ အဖွဲ့၀င်(၂) ဦးဇော်ဝင်းတို့မှ ကောလာဟလသတင်းများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ဥပဒေအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးများအကြောင်းများ စသည် တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းမှုများအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးဇော်ဝင်းကျော်၊ အဖွဲ့၀င်(၂) ဦးဇော်ဝင်း၊ ချမ်းမြသာစည်တောင် ရပ်ကွက်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်၊ တမ္ပဝတီရပ်ကွက်၊ သံလျှက်မော်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ချမ်းမြေ့