ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရဲတပ်ဖွဲ့ဝင်များနှင့် အထူးနေ့လယ်စာ စားပွဲတက်ရောက်၊ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှု ကြည့်ရှုအားပေး

စစ်တွေ    ဖေဖော်ဝါရီ   ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာခန်းမ၌ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ စားရိပ်သာခန်းမ၌ အရာရှိ၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့တက်ရောက်ကြပြီး အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွစားသောက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကိုပေးအပ် ချီးမြှင့်ကာ တပ်ဖွဲ့ဝင်များနေ့လယ်စာစားသုံးနေမှုကို လှည့်လည် ကြည့်ရှုပြီးရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဥပဒေချုပ်ရုံး၌ ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲ ရှောင်ဝန်ထမ်းများ မြို့နယ်အလိုက် ရုံးဖွင့်လှစ် တာဝန်ဆောင်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်လမ်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများ ပျော်ပျော်ပါးပါးစုပေါင်း ထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းထမနဲထိုးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)