မလှိုင် ဖေဖော်ဝါရီ ၂၄
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တွင်းနက်စက်ရေတွင်းအသစ် တူးဖော်နိုင်ရေးအတွက် ဆရာတော်များ ပင့်ဖိတ်၍ မြေသန့်မင်္ဂလာနှင့် ကမ္မဝါစာရွတ်ဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေ(၅)နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မလှိုင်မြို့၊ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကဉ္စနထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်မြတ်မြတ်သူနှင့်အဖွဲ့၊ တင်ဒါအောင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ငါးပါးသီလဆောက်တည်ခံယူပြီး ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ၊ ကမ္မာဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် တွင်းနက်စက်ရေတွင်းတူဖော်မည့်နေရာသို့ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါစက်ရေတွင်းသစ်မှာ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ(၂၅.၇၆)သန်းဖြင့် (၆)လက်မ၊ အနက်ပေ (၄၀၀)ဖြစ်ပြီး 4G ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစက်ရေတွင်းပြီးစီးပါက အမှတ်(၁)ရပ်ကွက် အတွင်းရှိ အိမ်ခြေ(၈၁၅)အိမ်၊ အိမ်ထောင်စု(၈၁၅)စု၊ လူဦးရေ(၁၆၀၆)ဦးအတွက် ရေသန့်ရေကောင်းများ ယခင်ကထက် ပိုမိုဖူလုံလာမည်ဖြစ်ပြီး ပွင့်လင်းရာသီနှင့် အယ်လ်နီညိုဖြစ်ပေါ်မှုအန္တရာယ်ကြောင့် ရေရှားပါးစဉ် အဆိုပါရေတွင်းမှ သောက်ရေသုံးရေ ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)