မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကျင်းပပြုလုပ်

မန္တလေး   ဖေဖော်ဝါရီ     ၂၂

မန္တလေး၊အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒေါနဘွားရပ်ကွက်၊ ၁၄×၁၅လမ်းကြား၊ ၆၃×၆၄ လမ်းကြား၊ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းရှိ ကွန်းခိုရာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲအခမ်းအနားတွင် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းမျိုးထွန်းတို့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးကို ဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းအောင် က ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခန်းအလိုက်ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် သိကောင်းစရာများကို အသေးစိတ် ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းမျိုးထွန်း၊ အဖွဲ့ဝင်(၂) ဦးဇော်လင်းဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်ပြည်သူ့စစ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် "ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ" သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း